Quantcast
Channel: Kamayut Media » In-Depth
Viewing all articles
Browse latest Browse all 38

ဟိုတယ်တွေ ကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ဟာ …

$
0
0

ဆီးဂိမ်းပွဲတော်အမီ အင်းလေးကန်မှာ ဟိုတယ်ဇုန်အမြန်တည်ဆောက်ရမယ်ဆိုပြီး ကန်ရဲ့အရှေ့ခြမ်းက ရွာ ၆ရွာနဲ့ ဘုန်းကြီးကျောင်း ၁၃ကျောင်းရှိတဲ့ မြေဧက ၆ဝဝကျော်ကို ရှမ်းပြည်နယ်အစိုးရက သိမ်းယူခဲ့ပါတယ်။ အဲဒီမှာပဲ ဒေသခံတွေနဲ့ အာဏာပိုင်ကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုပြီးတင်းမာလာခဲ့ပါတယ်။

ညောင်ရွှေမြို့နယ် သံဃာ့မဟာနာယကရဲ့သြဇာကိုသုံးပြီး ၂ဝ၁၂ ဒီဇင်ဘာမှာ ဘုန်းကြီးကျောင်း ပိုင်မြေတွေကို အပြီးသိမ်းခဲ့သလို ၂ဝ၁၃ နှစ်ဆန်းမှာ ရွာသား ၁၃ယောက်ကိုလည်း ပိုင်နက်ကျူးကျော်မှုနဲ့ ညောင်ရွှေအထွေထွေ အုပ်ချုပ်ရေးမှူးက တရားစွဲခဲ့ပါတယ်။

ဟဲယာရွာမ နောက်ရွှေ့ကျောင်းတိုက်က ဆရာတော် ဦးခေမာနန္ဒက ပြည်နယ်အစိုးရရဲ့ သိမ်းယူမှုဟာ ဝိနည်းနဲ့ မညီတာကြောင့် တစ်ဧက ကျပ်၂သိန်း၈သောင်းနဲ့ အစိုးရကလျော်ကြေးပေးတာကို လက်မခံခဲ့ပါဘူး။ ဘုန်းကြီးကျောင်း ၁၃ကျောင်းရဲ့မြေတွေကပဲ ဧက ၃ဝဝကျော်ပါနေတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့အနီးက အင်းလေးကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၂ ပေမှာတည်ရှိတဲ့ တောင်ပေါ်ရေအိုင်ကြီးပါ။ မြန်မာပြည်ရဲ့ လှပတဲ့ ဂေဟစနစ်ထဲက အဖိုးမဖြတ်နိုင်တဲ့ အင်းလေးကန်ဟာ သစ်တောပြုန်းတီးမှုနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် တိမ်ကောမယ့်အန္တရာယ်ကို ရင်ဆိုင်နေရပါပြီ။

ဧရိယာစတုရန်းမိုင် ၁ဝ၄ ကျယ်ဝန်းခဲ့တဲ့ အင်းလေးကန်ဟာ အခုတော့ ၃၄ စတုရန်းမိုင်ပဲ ရှိတော့တာမို့ အင်းလေးကန်ထိန်းသိမ်းရေး မြန်မာအစိုးရသစ်က တစ်နှစ်ကို ကျပ်သန်းတစ်ရာသုံးစွဲမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခုတော့ ဟိုတယ်ဇုန်က ဆောက်လုပ်ရေးစွန့်ပစ်မြေတွေကြောင့် အင်းလေးဟာ အလျင်အမြန် တိမ်ကောရမယ့်ကိန်း ဆိုက်နေသလို ကန်ထိန်းသိမ်းရေး တကယ်တာဝန်ခံလုပ်တဲ့သူ မရှိဘူးလို့ ဦးရန်ဝေးက ဆိုပါတယ်။

နိုင်ငံရေး စီးပွားရေး ပွင့်လင်းလာမှုနဲ့အတူ ကမ္ဘာလှည့်ခရီးသည် သန်းနဲ့ချီပြီး မြန်မာပြည်ကို အလည်အပတ်လာကြတဲ့အခါ အများစု အင်းလေးကန်ဆီကို သွားရောက်ကြတာမို့ ခရီးသွားလုပ်ငန်း တိုးတက်လာပါတယ်။ ဒီလို ခရီးသွားအရေအတွက် မြင့်တက်လာတာနဲ့အမျှ ဟိုတယ်လုပ်ငန်းလိုအပ်မှုကလည်း တက်လာပါတယ်။

ထိုင်းနိုင်ငံကို မကြာခဏ ခရီးသွားဖူးတဲ့ သြတြေးလျနိုင်ငံသား မိုက်ကတော့ ဒေသခံတွေအကျိုးရှိဖို့ ဟိုတယ်လုပ်ငန်းရှင်တွေဟာ ဘာသာစကားနဲ့ အခြားခရီးသွားလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်ခြင်းဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်လမ်းကြောင်းလို့ အကြံပြုပါတယ်။ ဟိုတယ်စားရိတ် သိပ်ကြီးတယ်လို့လည်း ဆိုပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တွေဟာ စီးပွားဖြစ်ကြပြီး ဒေသခံ အင်းသူအင်းသားတွေကတော့ မြေမဲ့ယာမဲ့ဘဝနဲ့ စီးပွားပျက်သွားပြီး အတိဒုက္ခရောက်နေကြပြီလို့ မနှင်းမိုးထွေးက ဆိုပါတယ်။ တစ်ချိန်က တောတောင်တွေ ပတ်လည်ကာရံထားတဲ့အလယ်က အင်းလေးရေပြင်ဟာ အခုတော့ တောပြိုတောင်ပြုန်းလို့ ဟိုတယ်တွေဝိုင်းရံထားတာ ခံနေရပါပြီ။

ဒေသခံတွေဟာ တစ်ချိန်က လှပစိုမြေတဲ့ ရေကန်ကြီးထဲက အင်းသူအင်းသားတွေကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ အကျိုးကျေးဇူးကို မခံစားရသလို ဂေဟစနစ်ရဲ့ စိန်ခေါ်မှုအောက်မှာ ငြီးတွားနေကြရပါပြီ။      ။


Viewing all articles
Browse latest Browse all 38

Latest Images

Trending Articles





Latest Images